ကလေးတွေမှာ အရင်းခံအကြောင်းတွေ အမျိုးမျိုးရှိတာကြောင့် တက်ခြင်း အမျိုးအစားများလည်း အမျိုးမျိုး ကွဲပြားပါတယ်။ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
- အဖျားကြီး၍တက်ခြင်း –အဖျားကြီးပြီးတက်တာက ကလေးတွေမှာပဲ ဖြစ်တတ်ပါတယ်။ ရောဂါတစ်ခုခုကူးစက်လို့ ဖျားနာပြီး ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ထိုးတက်သွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဆကမ ကာကွယ်ဆေး (ဆုံဆို့ ကြက်ညှာ မေးခိုင်)၊ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး စတဲ့ ကာကွယ်ဆေးတွေထိုးလို့ ဖျားတဲ့အခါမှာလည်း တက်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်ခဲပါတယ်။
- အတွင်းတက် – တက်ခြင်း - အများသိထားသလို ကောက်ကွေးပြီးတက်သွားတာမျိုးမဟုတ်ဘဲ လှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားပြီး ငေးစိုက်ကြည့်နေတာမျိုး။ မြန်မာလို အတွင်းတက် တက်နေတာလို့လဲ ခေါ်ပါတယ်။ ကလေးတွေမှာပဲ အဖြစ်များပါတယ်။ အကြောင်းရင်း ရှာလို့မတွေ့သေးပါ။ ဆေးတွေတော့ ရှိပါတယ်။ တစ်ခါ တက်ရင် ၁၀ စက္ကန့် ၁၅ စက္ကန့်လောက်ပဲ ကြာတာမို့ ကိုယ့်ကလေး တက်နေလို့ တက်မှန်းမသိ ဖြစ်နေ တတ်ပါတယ်။
- အတက်ရောဂါ (ဝက်ရူးပြန်ခြင်း) – ကလေးတွေမှာဖြစ်တတ်တဲ့ တက်ခြင်းအမျိုးအစားတွေမှာ အဖြစ် အများဆုံး ဖြစ်ပါတယ်။ အတက်ရောဂါရခြင်းရဲ့ အကြောင်းရင်းတွေက နားလည်ရခက်ပါတယ်။ ဦးနှောက်ထဲက လျှပ်စစ်လှိုင်းလေးတွေ ဖောက်ပြန်သွားတာပါ။ အတက်ရောဂါ ပုံစံ အမျိုးမျိုးရှိပါတယ်။ ခြေတွေ လက်တွေ ကောက်ကွေးပြီး ဓာတ်လိုက်သလို ဖြစ်နေတတ်သလို ပြူးကြောင်ကြောင်နဲ့ ငေးပြီး စိုက်ကြည့်နေတတ်တာမျိုးလည်း ဖြစ်တတ် ပါတယ်။ အကြောင်းရင်းတွေကတော့ မျိုးရိုးကြောင့်လည်းဖြစ်တတ်သလို ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရတာ၊ ကင်ဆာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ ထိခိုက်ခဲ့တာ၊ neurofibromatosis လို အော်တီဇင်လို ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာ လေးတွေ ရှိနေတာ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက် ရောင်ဗိုင်းရပ်စ် စတဲ့ ကူးစက်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဘာပဲပြောပြော အကြမ်းဖျဉ်းအားဖြင့် အတက်ရောဂါ ဝေဒနာရှင် တစ်ဝက်လောက်ရဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေကို ရှာလို့မတွေ့သေးဘဲ ကုသရေးဘက်မှာလဲ စိန်ခေါ်မှုတွေတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။

