အိမ်သာသွားတတ်တဲ့အလေ့အကျင့် ကို ဘယ်အချိန်မှာ စလုပ်ရမလဲဆိုတဲ့အချက်ဟာ မိဘတွေ ရွေးချယ်မယ့် နည်းလမ်းလိုပဲ အရမ်းအရေးကြီးပါတယ်။ တချို့မိဘများဟာ ကလေးငယ်များရဲ့ Diaper အသုံးပြုမှုကို စောစောစီးစီး ရပ်လိုက်ပြီး အိမ်သာမှာ ထိုင်ပြီး ဆီးသွား ဝမ်းသွား လုပ်စေပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ကလေးငယ်ဟာ သူ့ကိုယ်သူ မထိန်းနိုင်သလို အိမ်သာခွက်က သူတို့အတွက် အရမ်းကြီးနေတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ မိဘများအနေနဲ့ လေ့ကျင့်မှုကို စောလွန်းတဲ့အချိန်မှာ ကလေးငယ် အနေနဲ့ စိုရိမ်ပူပန်မှုတွေများကာ အိမ်သာအသုံးပြုရမှာကို ကြောက်ရွံ့လာပြီး ဝမ်းချုပ်ခြင်းနဲ့ ရေရှည်ဖျားနာခြင်းများကို ခံစားရနိုင်ပါတယ်။ မိဘများအနေနဲ့ တစ်ခု သတိပြုရမှာက ကိုယ့် ကလေးကို ဖိအားမပေးမိစေဖို့ပါပဲ။ ကလေးငယ် များရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တကယ်လို့ ကလေးငယ်များ အဆင်သင့်မဖြစ်သေးခင်မှာ အိမ်သာသွားတတ်တဲ့အလေ့အကျင့် ကို စ လုပ်မယ်ဆိုရင် မျှော်မှန်းထားတဲ့ အောင်မြင်မှုရလဒ်ကို ရရှိဖို့ ပိုမိုခက်ခဲပါတယ်။
တိကျတဲ့ သတ်မှတ်ချက်ရယ်လို့ မရှိပေမယ့်လည်း အသက်(၂)နှစ်ခွဲလောက်မှာ စတင်သင့်ပါတယ်။ ကလေးငယ်များမှာ အောက်ဖော်ပြပါ အပြုအမူတွေ စတင် မြင်တွေ့ရပြီဆိုရင် အိမ်သာသွားတတ်တဲ့အလေ့အကျင့် စတင်ဖို့ အဆင်သင့်ပဲဆိုတာကို သဘောပေါက်ထားရပါမယ်။
- ကလေးငယ်များဟာ အိမ်သာ၊ အိမ်သာခွက် (သို့) အတွင်းခံဘောင်းဘီ ဝတ်ရတာကို စိတ်ဝင်စားမှု ပြလာခြင်း။ အိမ်သာသွားချင်တဲ့အခါမှာ ၎င်းတို့ ကိုယ်တိုင် Diaper များကို ချွတ်လာခြင်း။
- “ သားသား/မီးမီး ရှူရှူးပေါက်ချင်လား ” “ သားသား/မီးမီး အိမ်သာသွား ချင်လား ” စတဲ့ အခြေခံမေးခွန်းများကို နားလည်ပြီး တုန့်ပြန်မှုရှိခြင်း။
- အိမ်သာသွားချင်ပြီဆိုတာကို စကားလုံး(သို့) အမူအရာနဲ့ ကိုယ့်ထက်ကြီး တဲ့ သူတွေကို အသိပေးနိုင်ခြင်း။
- ကလေးငယ်အနေနဲ့ ဘေးကင်းစွာနဲ့ဆောင့်ကြောင့်ထိုင်နိုင်ခြင်း။


