အဓိကအရေးအကြီးဆုံးအချက်မှာ ကိုယ်အလေးချိန်များနေသော ကလေးက အသက်အရွယ်ကြီးပြင်းလာတဲ့အချိန်မှာလည်း ပို၍အဝလွန်လာနိုင်ခြေရှိပါတယ်။ နိုင်ငံရပ်ခြား သုတေသနဆိုင်ရာအချက်အလက်များအရ အလွန်အမင်း အဝလွန်နေခြင်းဟာ လူ့သက်တမ်းကို ၅ နှစ်ကနေ နှစ် ၂၀ အထိ တိုတောင်းစေပါတယ်။
ကလေးငယ်တွေမှာ အဝလွန်ခြင်းရောဂါ၏ နောက်ဆက်တွဲပြဿနာများ
- အလေးချိန်လိုသည်ထက်ပိုနေတဲ့ ခန္ဓာကိုယ်ကို ထမ်းသယ်ရခြင်းကြောင့် အရိုးအဆစ်များ နာခြင်း၊ အထူးသဖြင့် ဒူးဆစ်များ
- ဟောက်ခြင်း(သို့) အိပ်ပျော်နေစဥ်အသက်ရှူရပ်ခြင်း ဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပြီး မကုသဘဲထားမယ်ဆိုရင် နာတာရှည်ခံစားရကာ နှလုံးပျက်စီးခြင်းအထိ ဖြစ်နိုင်ပါတယ်။
- Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြင်း
အဝလွန်ခြင်းရောဂါဟာ ငယ်ရွယ်တဲ့ကလေးများမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။ အချို့အဝလွန်ရောဂါကို ခံစားနေရတဲ့လူများမှာ သွေးအတွင်း အင်ဆူလင် များပြားခြင်းကြောင့် Acanthosis Nigricans လို့ ခေါ်တဲ့ လည်ပင်း၊ လက်မောင်းနဲ့ ပေါင်ခြံ တွေမှာ အရေပြားမည်းညစ်လာခြင်းများ ဖြစ်လာနိုင်ပါတယ်။ ယင်းလက္ခဏာမှာ Cream လိမ်းရုံ၊ ပွတ်တိုက်ရုံနဲ့ ပျောက်ကင်းသွားမှာမဟုတ်ပဲ ကိုယ်အလေးချိန်လျော့ကျမှသာ သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။ ညိုမည်းနေတဲ့အရေပြားဟာ အလေးအနက်သတိထားရမယ့် လက္ခဏာဖြစ်ပြီး ကိုယ်အလေးချိန်မလျော့ချဘူးဆိုရင် အဆိုပါ ကလေးများဟာ အနာဂတ်မှာ ဆီးချိုဖြစ်လာနိုင်ပါတယ်။ ကနဦး လက္ခဏာတွေက အစားအစာအများကြီးစားသုံးသော်လည်း အလေးချိန်ကျဆင်းလာခြင်း၊ မကြာခဏရေဆာခြင်း၊ မကြာခဏဆီးသွားခြင်းတို့ဖြစ်လာနိုင်ပါတယ်။ အချို့ကလေးငယ်တွေမှာ အိပ်ရာတွင်း ဆီးသွားခြင်းများ ဖြစ်နိုင်ပြီး အခြားအကျိုးဆက်အနေနှင့် သွေးအတွင်းထဲမှာလည်း ကိုလက်စထရောမြင့်မားခြင်းတို့ပဲဖြစ်ပါတယ်။ ကိစ္စရပ်အများစုမှာ ကိုယ်အလေးချိန်ကျဆင်းပြီးတဲ့အချိန်မှာ အခြေအနေတွေ ပြန်လည်ကောင်းမွန်သွားပြီး လူနာအနည်းစုခန့်သာ ဆက်လက်ဆေးကုသခံယူနေကြပါတယ်။ နောက်ဆက်တွဲရောဂါအနေနှင့် သွေးအတွင်း ကိုလက်စထရောများပြားနေတဲ့ ကလေးငယ်တွေမှာ အသည်းအဆီဖုံးခြင်းရောဂါလက္ခဏာကိုတွေ့ရှိရနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ယင်းနောက်ဆက်တွဲ လက္ခဏာများမှာ ခန္ဓာကိုယ်အလေးချိန်လျော့ကျသွားသည်နှင့်အမျှ သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။ ဒီအတွက် မိမိရဲ့ ကလေးများကို ကျန်းမာသန်စွမ်းပြီး အသက်ရှည်တဲ့ လူ့ဘဝတစ်ခုရရှိစေဖို့အတွက် သူတို့လေးတွေရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးရင်းနဲ့ ငယ်စဉ်ကလေးဘဝမှာတင် အာဟာရမျှတအောင် စားစေပြီး လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခိုင်းရမှာဖြစ်ပါတယ်။