- အခုတလော အဝလွန်နေတဲ့ကလေးတွေ သိသိသာသာ များလာတာနဲ့အမျှ ကလေးတွေကြားမှာ သွေးတိုးရောဂါ ဖြစ်လာတာတွေလည်း အများကြီးတွေ့လာရပါတယ်။ သာမန်ကိုယ်အလေးချိန်ရှိတဲ့ကလေးတွေထက် အဝလွန်တဲ့ကလေးတွေမှာ သွေးတိုးဖြစ်နေတာ ၁၀.၆ဆ ပိုများနေတယ် လို့ လောလောဆယ် သိထားရပါတယ်။
- ငယ်ငယ်ကတည်းက သွေးတိုးရောဂါ ရှိနေတာဟာ ကြီးလာတဲ့အခါမှာ သွေးတိုး နဲ့ နှလုံးရောဂါတွေ ဖြစ်လာဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါ့အပြင် သွေးကြောတွေ မြန်မြန် ရင့်ရော်လာမှုကြောင့်လည်း အချိန်မတန်မီ နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း နဲ့ နာတာရှည် ကျောက်ကပ်ရောဂါ ဝေဒနာများကိုလည်း ခံစားရနိုင်ပါတယ်။
- ငယ်စဉ်ကလေးဘဝမှာကတည်းက သွေးတိုးရောဂါရှိနေခြင်းဟာ နှလုံးကြွက်သားထူခြင်းကို ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်စေပါတယ်။ ဒီလိုဖြစ်တာကြောင့်လည်း သွေးဖိအားနှင့် ခန္ဓာကိုယ်ထုထည်အညွှန်းကိန်း BMI များအရ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်တွေကို အထိန်းအကွပ်မဲ့ တိုးပွားလာစေပါတယ်။
- ကလေးအရွယ်ကတည်းက သွေးတိုးရောဂါ ရှိမရှိ စစ်ဆေးခြင်းဖြင့် အရွယ်ရောက်တဲ့အခါမှာ သွေးတိုးရောဂါ နှလုံးရောဂါ ဖြစ်ပွားမှုများမှ လျှော့ချ/ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် မိဘနှစ်ပါးနဲ့ မိသားစုများကိုလည်း တစ်လက်စတည်း စစ်ဆေးသွားဖို့ တိုက်တွန်းနိုင်ပါတယ်။
- အဝလွန်တဲ့ကလေးတွေအပြင် သွေးတိုးကြောင့် ဒုက္ခရောက်နိုင်တဲ့ အခြားကလေး အုပ်စုတစ်စုလည်း ရှိပါသေးတယ်။ အထူးသဖြင့် လမစေ့ မွေးဖွားခြင်း နဲ့ ပေါင်မပြည့်မွေးဖွားလာတဲ့ကလေးတွေ၊ မွေးရာပါ ကင်ဆာ၊ နှလုံးရောဂါ နဲ့ ဦးနှောက်ထဲမှာအကျိတ်ရှိတဲ့ကလေးတွေ၊ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူ ထားတဲ့ ကလေးတွေ စတာတွေအပြင် ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်မှုအားနည်းပြီး အလွန်အမင်းတက်ကြွကာ သင်ယူမှုခက်ခဲ့တဲ့ ရောဂါ၊ ဆီးချို နဲ့ ကျောက်ကပ် ရောဂါတွေအတွက် ဆေးသောက်နေရတဲ့ ကလေးတွေမှာလဲ သွေးပေါင်ချိန် တက်စေနိုင်ပါတယ်။
- သွေးတိုးတာကို ကုသတဲ့နေရာမှာ ဖြစ်တဲ့ရောဂါအပေါ်မှာ မူတည်ပြီး တစ်ယောက်ချင်းစီအတွက် ဆေးနဲ့ရော အခြား ဆေးမပါတဲ့ ကုထုံးတွေပါ အမျိုးမျိုးရှိပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသောက်တာဟာလဲ ရောဂါအခြေအနေကို သက်သာစေရန်ကူညီနိုင်ပါတယ်။
ကလေးတွေမှာ သွေးပေါင်ချိန်တွေ မြင့်နေတာဟာ အလွန်စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အခုတလော အဝလွန်တဲ့ကလေးတွေ သိသိသာသာ များလာတာနဲ့အမျှ ကလေးတွေကြားမှာ သွေးတိုးရောဂါ ဖြစ်လာတာတွေလည်း အများကြီးတွေ့လာရပါတယ်။ ရိုးရိုးကလေးတွေထက် အဝလွန်တဲ့ကလေးတွေမှာ သွေးတိုးနိုင်တဲ့ အန္တရာယ်ဟာ ၁၀.၆ဆ အထိ ပိုများလာနိုင်ပါတယ်။ ကလေးတွေမှာ သွေးပေါင်ချိန်တွေ မြင့်နေတာတာ အထူးအဆန်းမဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် မိဘတွေကြားမှာတော့ ခုမှသာ ဒီကိစ္စဟာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်တယ်ဆိုတာကို သတိထားမိလာကြတာဖြစ်ပါတယ်။

