မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်တွေကနေ လူကို ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ မျောက်တွေမှာ အဖြစ်များပေမယ့် ကြွက်၊ ရှဉ့်နဲ့ ယုန်တွေကနေလည်း ကူးစက်နိုင်သလို၊ ရောဂါရှိသူနဲ့ အရေပြားချင်း ထိတွေ့မှု သို့မဟုတ် အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အရည်တွေနဲ့ အနီးကပ် ထိတွေ့မှုကနေလည်း တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် မိခင်ကနေ သန္ဓေသားကို ရေမွှာရည်ကနေတစ်ဆင့် ၊ ဒါမှမဟုတ် မွေးဖွားချိန်မှာ ကလေးငယ်ကို ကူးစက်နိုင်ခြေလည်း ရှိပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကျောက်ရောဂါနဲ့ နွားကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးတွေနဲ့ အမျိုးအစားတူပြီး၊ ရောဂါလက္ခဏာတွေဟာ တုပ်ကွေးရောဂါနဲ့ ဆင်တူစွာ စတင်ပြသပြီးနောက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီကွက်တွေ ပေါ်လာတတ်ပါတယ်။
ရောဂါလက္ခဏာများ - မျောက်ကျောက်ရောဂါ ပိုးပေါက်ဖွားချိန်ဟာ ပုံမှန်အားဖြင့် ၆ ရက်ကနေ ၁၃ ရက်အထိ ရှိနိုင်ပြီး၊ ရောဂါလက္ခဏာတွေကို အဆင့် (၂) ဆင့် ခွဲခြားနိုင်ပါတယ်။
- အစောပိုင်း လက္ခဏာများ (ရက်သတ္တပတ် ၀-၅ ရက်) - ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ပြန်ရည်ကျိတ်တွေ သိသိသာသာ ရောင်ရမ်းခြင်းဟာ မျောက်ကျောက်ရောဂါကို ကျောက်ရောဂါနဲ့ ရေကျောက်ရောဂါတွေကနေ ခွဲခြားသိမြင်စေတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။
- အဖုအပိမ့်ထွက်သည့် အဆင့် (အဖျားစပြီးနောက် ၁ ရက်မှ ၃ ရက်အကြာ) - အဖုအပိမ့်တွေဟာ ကိုယ်ခန္ဓာအနှံ့ထက် မျက်နှာ၊ လက်မောင်း၊ ခြေထောက်တို့မှာ ပိုမိုထွက်ပေါ်လေ့ ရှိပါတယ်။ ဒါ့အပြင် လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်အတွင်းသား၊ မျိုးပွားအင်္ဂါ၊ မျက်လုံးအတွင်းသားနဲ့ မျက်ကြည်လွှာတို့မှာပါ တွေ့ရနိုင်ပါတယ်။ အဖုတွေဟာ အနီကွက်လေးတွေအဖြစ် စတင်ပေါ်ပေါက်လာပြီး၊ အဖုလုံးလေးများအဖြစ် ပြောင်းလဲကာ၊ နောက်ဆုံးမှာ အရည်ကြည်ဖုလေးတွေ ဖြစ်လာပြီး အနာဖေးဖြစ်လာ ပါတယ်။
ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ - မျောက်ကျောက်ရောဂါဟာ အခြားဆင်တူတဲ့ ရောဂါတွေထက် ယေဘုယျအားဖြင့် ပြင်းထန်မှုနည်းပြီး ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ သူ့အလိုလို သက်သာနိုင်ပေမယ့် ကလေးလူနာတွေကြားမှာ အများဆုံး သေဆုံးမှုတွေ ဖြစ်ပေါခဲ့တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ဒါ့ကြောင့် ရောဂါပြင်းထန်မှုကို ပိုဆိုးစေနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာရင် ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ အဲ့ဒီနောက်ဆက်တွဲ ပြဿနာတွေကတော့
- ရောဂါထပ်မံကူးစက်ခြင်း
- အဆုတ်ရောင်ရောဂါ
- သွေးထဲမှာ ပိုးဝင်ခြင်း
- ဗဟိုအာရုံကြောစနစ် ပိုးဝင်ခြင်း
- မျက်ကြည်လွှာ ပိုးဝင်မှုကြောင့် အမြင်အာရုံ ဆုံးရှုံးခြင်း
ကုသမှု
မျောက်ကျောက်ရောဂါရှိတဲ့ လူနာတွေဟာ သူတို့ဘာသာသူတို့ ပြန်လည်သက်သာလာနိုင်တာကြောင့် ကုသမှုဟာ ပံ့ပိုးကူညီပေးတဲ့ စောင့်ရှောက်မှုတွေသာ ပါဝင်ပါတယ်။ ၎င်းတို့ကတော့
- လုံလောက်တဲ့ ရေဓာတ်နဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးခြင်း
- နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ပွားအောင် ကာကွယ်ခြင်း
- tecovirimat နဲ့ cidofovir လိုမျိုး ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေ သုံးစွဲခြင်း
ကာကွယ်ခြင်း
- ဆပ်ပြာ နဲ့ ရေဖြင့် မကြာခဏ လက်ဆေးခြင်း၊ အရက်ပြန်ပါသော လက်သန့်ဆေးရည်များ သုံးခြင်း
- ရောဂါရှိသူများနှင့် ထိတွေ့မှု ရှောင်ကြဉ်ခြင်း
- မကျက်တကျက်အသားများ စားသုံးခြင်းကို ရှောင်ကြဉ်ခြင်း
- ကြွက်နဲ့ မျောက်လိုမျိုး ရောဂါပိုးသယ်ဆောင်နိုင်တဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ခြင်း ရှောင်ကြဉ်ခြင်း
- ကျောက်ရောဂါ သို့မဟုတ် နွားကျောက်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဖြင့်လည်း မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။
စာသင်နှစ်အသစ်အတွက် ကျောင်းပြန်ဖွင့်သည်ဖြစ်စေ၊ အိမ်မှာနေသည်ဖြစ်စေ၊ မိဘတွေနဲ့အတူ အပြင်သွားသည်ဖြစ်စေ ကလေးတွေဟာ ပြည့်စုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူသင့်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းတွေကို သင်ကြားပေးသင့်ပါတယ်။ ဥပမာ- အစားအသောက်ကို ပူပူနွေးနွေးစားသုံးခြင်း၊ စားပွဲပေါ်က ဟင်းတွေကို အခြားဇွန်းနဲ့ ခပ်ယူစားသောက်ခြင်း၊ လက်ကို သေချာဆေးကြောခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေကို လိုအပ်တဲ့ ကာကွယ်ဆေးတွေ အားလုံးထိုးနှံပြီး ကိုယ်ခံအားမြှင့်တင်ပေးသင့် ပါတယ်။
ကိုယ်ခံအားကောင်းမွန်စေဖို့အတွက် အာဟာရအုပ်စု (၅) မျိုးစလုံးပါတဲ့ အစားအစာတွေကို မျှတစွာ စားသုံးခြင်း၊ တစ်ညကို အနည်းဆုံး ၈ နာရီ အိပ်စက်ပြီး လုံလောက်စွာ အနားယူခြင်း၊ နေ့တိုင်း အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်ခြင်းတို့ဟာ အရေးကြီးပါတယ်။ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေ ကျန်းမာသန်စွမ်းပြီး ကျန်းမာပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနိုင်ဖို့ ဆက်လက် ပံ့ပိုးကူညီပေးသင့်ပါတယ်။