ကလေးတွေရဲ့ ကိုယ်ခန္ဓာလေးတွေဆိုတာ အပြည့်အဝမဖွံ့ဖြိုးသေးဘူးလေ။ နုလည်း နုသေးတယ်။ ဒါကြောင့် ကားထိုင်ခုံက လူကြီးခါးပတ်တွေနဲ့ မသင့်တော်ဘူး။ ဒါကြောင့် ကလေးငယ်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ကားထိုင်ခုံနဲ့ ခါးပတ်ဟာ အထူးအရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ မပြောကောင်း မဆိုကောင်း ယာဉ်မတော်တဆမှုများဖြစ်ခဲ့ရင် ကလေးတွေဟာ ထိုင်ခုံကနေ လွင့်ထွက်လာပြီး ခေါင်း တို့၊ ခါးရိုးတို့၊ အဆုတ်ထဲဖောက်ဝင်သွားတာတို့၊ အသည်းကွဲသွားတာတို့၊ သရက်ရွက်ကွာသွားတာတို့ တခြား ကိုယ်တွင်းအင်္ဂါတွေထိခိုက်ပြီး အတွင်းကြေ ကြေသွားတာတို့ စတဲ့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ပြင်းထန်တဲ့ မတော်တဆမှုတွေမှာဆိုရင် ကလေးကို ပြည့်စုံလုံလောက်တဲ့ အကာအကွယ်တွေ ပေးမထားရင် သေတောင် သေနိုင်ပါတယ်။
တစ်ချို့ မိဘတွေ ကားစီးရင် ကလေးတွေကို ပေါင်ပေါ်တင်ထားတာ၊ ရင်ခွင်ထဲပိုက်ထားတာတွေလည်း လုပ်လေ့ ရှိပါသေးတယ်။ မိဘရင်ခွင်ဟာ သားသမီးတွေအတွက် အလုံခြုံဆုံးလို့ ဆိုပေတာကိုး။ တကယ့်တကယ် အက်ဆိဒင့် ဖြစ်တဲ့အခါ ကလေးတွေဟာ လွင့်ထွက်သွားပြီး ဖမ်းမမိဖြစ်တတ်ပါတယ်။ တစ်ချို့ကလည်း ကလေးကိုပါ ခါးပတ်ထဲ ထည့်ပတ်ထားကြတာမို့ ယာဉ်တိုက်မှုဖြစ်ပြီး အခန့်မသင့်ရင် ကိုယ့်ကိုယ်လုံးနဲ့ ဖိမိပြီး ကလေးခမျာ ညှပ်လို့ သေရတာမျိုးတွေလည်း ရှိဖူးပါတယ်။