- ပန်းနာရင်ကျပ်ရောဂါဆိုတာ ဓာတ်မတည့်မှုကြောင့် အသက်ရှူလမ်းကြောင်းရောင်ရမ်းမှု နာတာရှည်ဖြစ် နေတာကို ခေါ်ပါတယ်။ ကလေးတွေရဲ့ ၁၀-၁၅% ဟာ ပန်းနာရင်ကြပ်ခြင်းကို ခံစားနေကြရပြီး ဖြစ်တဲ့ အရေအတွက်ဟာလည်း တိုးတက်လျက်ရှိပါတယ်။
- ပန်းနာရင်ကျပ်ရောဂါသည်တွေဟာ ဖြစ်နေတဲ့ ရောဂါရဲ့ အတိမ်အနက်နဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု ဘာကြောင့်ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ သူတို့ရဲ့ အဆုတ် အလုပ်လုပ်နေပုံကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။
- ရင်ကျပ်နေပြီဆိုရင် ဆေးရုံကို အမြန်ခေါ်သွားပြီး လိုအပ်တဲ့ ကုသမှုတွေ ချက်ချင်းပေးနိုင်ဖို့ အလွန် အရေးကြီး ပါတယ်။ ရင်ကျပ်ခြင်းရဲ့ နောက်ဆက်တွဲဟာ အသက်အန္တရာယ်အထိ ဖြစ်သွားနိုင်တဲ့ ရောဂါဝေဒနာတစ်ခု ပဲ ဖြစ်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါဆိုတာ ဓာတ်မတည့်မှုကြောင့် အသက်ရှူလမ်းကြောင်းရောင်ရမ်းမှု နာတာရှည်ဖြစ်နေတာကို ခေါ်ပါတယ်။ ပန်းနာရင်ကျပ်ဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ bronchial hyperresponsiveness (အသက်ရှူ လမ်းကြောင်းကိုကျဉ်းသွားအောင်လှုံ့ဆော်တဲ့ အာရုံခံနိုင်စွမ်းတွေ မြင့်နေတာ)၊ bronchospasms (ပြင်ပက လှုံ့ဆော်မှု တစ်ခုခုကြောင့် အသက်ရှူလမ်းကြောင်းက ကြွက်သားတွေ အလိုလို ကျဉ်းသွားတာ)၊ အသက်ရှူလမ်းကြောင်းကိုက ကျဉ်းနေတာ စတဲ့ အကြောင်းရင်းတွေ ပါဝင်ပါတယ်။ ရင်ကျပ်တာဟာ အသက်ရှူလမ်းကြောင်းထဲမှာရှိတဲ့ နူးညံ့တဲ့ ကြွက်သားတွေ ပြတ်တောင်းပြတ်တောင်း ကျုံ့နေတာဖြစ်တဲ့အတွက် ဝေဒနာရှင်ဟာ တစ်ခါတစ်လေ သူရင်ကျပ်နေမှန်း အသက်ရှူမဝဖြစ်နေမှန်းတောင် မသိနိုင်ဘဲ သာမန်လူတွေလိုပဲ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒီလို လက္ခဏာမပြတဲ့ ဝေဒနာရှင်တွေမှာ ရင်ကျပ်တဲ့ရောဂါ ရှိ/မရှိ ဆရာဝန်တွေတာင် မစမ်းသပ်ဘဲ တပ်အပ် မပြောနိုင်ပါဘူး။ ဒါကြောင့် ရောဂါအခြေအနေ အမှန်ကို သိနိုင်စေဖို့ လူနာရဲ့ ရောဂါရာဇဝင်ကို သေသေချာချာ ဆန်းစစ်ဖို့နဲ့ လူနာကို သေသေချာချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။

